Arakan Army

DFENDER OF OUR FATHERLAND
  • HOME
  • NEWS
  • ENGLISH
  • STATEMENT
  • LIBRARY
  • Thursday, 13 March 2014




    "အပစ်အခတ်ရပ်စဲရေး အောင်မြင်လိမ့်မယ်ထင်ပါတယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေကိုတော့ အစိုးရဘက်က စဉ်းစားဖို့လိုတယ်"
    ------------------------------
    ရက္ခိုင့်တပ်မတော် စစ်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးကျော်ဟန်နှင့် တွေ့ဆုံခြင်း
    ---------------------
    ရေးသားသူ- အောင်သူရ၊ အောင်ခိုင်

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တပ်မတော်၊ ပြည်ထောင်စုလွှတ်တော်တို့မှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ကိုယ်စားလှယ်က မတ်လ ၉ ရက်မှစတင်၍ ရန်ကုန်မြို့၌ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    တွေ့ဆုံဆွေးနွေးပွဲအခြေအနေများ၊ ငြိမ်းချမ်းရေးဖြစ်စဉ် အလားအလာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တပ်မတော်ဘက်မှ ပါဝင်မှုအခန်းကဏ္ဍ၊ AA ၏ ရပ်တည်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲတက်ရောက်လာသော ရက္ခိုင့်တပ်မတော်(AA)မှ စစ်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးကျော်ဟန်နှင့် 7 Day News မှ သီးသန့်မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

    မေး- ပထမဆုံးအနေနဲ့ အခုဆွေးနွေးပွဲအခြေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အလားအလာများအပေါ် ဗိုလ်မှူးကြီးရဲ့အမြင်ကို ပြောပြပေးပါ။



    ဖြေ- ကျွန်တော်ရဲ့အမြင်ကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် လိုင်ဇာမှာ တိုင်းရင်းသားအဖွဲ့တွေ စတွေ့ခဲ့တယ်။ လိုင်ဇာရလဒ်အရ NCCTနဲ့ အစိုးရဘက် ပထမဆုံးမြစ်ကြီးနားမှာ တွေ့ခဲ့တယ်။ လိုင်ဇာသဘောတူညီချက်နဲ့ အစိုးရဘက်ကချပြတဲ့ မူ ၁၄ ချက်ကို မြစ်ကြီးနားမှာ ဆွေးနွေးခဲ့ကြတယ်။ အဲဒီကတစ်ဆင့် NCCT အဖွဲ့နဲ့ အစိုးရချင်းမှာ အလွတ်သဘောတွေ့တယ်။ အဲဒီမှာ သူတို့ဘက်ကချပြတဲ့ တချို့အချက်တွေရှိတယ်။ ပြီးတော့ လော်ခီးလာမှာ မူကြမ်းတစ်စောင်ထွက်လာတယ်။ အဲဒီလို အဆင့်ဆင့်ဆွေးနွေးခဲ့တာမှာ အခုတစ်စုံတစ်ရာတိုးတက်မှုရှိတယ်လို့ ပြောနိုင်ပါတယ်။ မနေ့ကနဲ့ ဒီနေ့ဆွေးနွေးပွဲမှာ လွှတ်တော်ဘက်က ကိုယ်စားလှယ်တွေ၊ MPC ဘက်က၊ တပ်ဘက်ကရောပါလာတော့ အရင်ကဆို MPC နဲ့ပဲ ဆွေးနွေးရတယ်။ အခုတော့ အလုံးစုံဆွေးနွေးနိုင်တယ်။ ဒီတော့ ပိုပြီးတိုးတက်မှုရှိလာတယ်။ ဒီတစ်ခေါက်တွေ့ဆုံတာက ပိုပြီးတိုးတက်တယ်လို့ ပြောရပါမယ်။

    မေး- AA က အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတော့ အခုတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုသဘောထားရပ်တည်ချက်ရှိပါသလဲ။

    ဖြေ- AA အနေနဲ့ တိုင်းရင်းသားတွေအားလုံးနဲ့ ထပ်တူရှိပါတယ်။ ခွဲပြီးတော့ရပ်တည်လို့လည်း အခုအချိန်မှာမရပါဘူး။ ကျွန်တော်တို့ကတော့ ကျန်တိုင်းရင်းသားအားလုံးနဲ့ ရပ်တည်ချက်တူပါတယ်။ တိုင်းရင်းသားတွေဘက်က ချမှတ်ထားတဲ့ အပေါ်မှာပဲ ခိုင်ခိုင်မာမာရပ်တည်ပါတယ်။ ဒါကို အစိုးရနဲ့ ဆက်ညှိနှိုင်းရမှာပါ။

    မေး- ဒီတစ်ခေါက်တွေ့ဆုံပွဲမှာ တပ်မတော်ဘက်က ပြောကြားချက်တွေကို တိုင်းရင်းသားတွေဘက်က အားရကျေနပ်မှုရှိတယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့သဘောထား ပါဝင်လာမှုအပေါ် ဘယ်လိုထင်မြင်ပါလဲ။

    ဖြေ- ခုနကပြောခဲ့သလိုပါပဲ။ အရင်က MPC နဲ့ပဲ ဆွေးနွေးရတယ်။ အခုအလုံးစုံဆွေးနွေးနိုင်တယ်။ ဒီတော့ ပိုတိုးတက်ကျေနပ်မှုရှိပါတယ်။

    မေး- အခုနှစ်ဖက်ပူးတွဲပြီး မူကြမ်းကိုရေးဆွဲမယ်။ လေးလပိုင်းမှာ နှစ်ဖက်ပြန်တွေ့မယ်လို့ သိရပါတယ်။ ရှေ့ဆက်မယ့်အခြေအနေကို ဗိုလ်မှူးကြီး ဘယ်လိုမြင်ပါသလဲ။

    ဖြေ- အစိုးရကချပြတဲ့ NCA မူကြမ်းနဲ့ NCCT ရဲ့မူကြမ်းကို အပြန်အလှန်ဆွေးနွေးကြပြီး ၉ ရက် ညနေပိုင်းက နှစ်ဖက်စလုံးပူးတွဲပြီး တစ်စောင်တည်းပူးတွဲရေးမယ်ပေါ့။ သဘောတူခဲ့ကြတယ်။ ဒီတော့ အကောင်းဆုံးလက္ခဏာမှာ ရှိပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးနိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေသွားဖို့၊ မူဘောင်တွေချဖို့ ရှေ့ဆက်ဆောင်ရွက်မဲ့ကိစ္စတွေ တော်တော်သဘောတူကြပါတယ်။ အခြေခံရပ်တည်ချက်တွေတူတော့ အကောင်းဆုံးတိုးတက်မှုတွေရှိတယ်လို့ပဲ မြင်ပါတယ်။

    မေး- ရခိုင်အမျိုးသားအင်အားစုတွေ ပြည်သူတွေက လိုလားတောင်းဆိုနေကြပါတယ်။ AA အပါအ၀င် ရခိုင်လက်နက်ကိုင်အဖွဲ့တွေကို အစိုးရနဲ့ညှိပြီး ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်ပုံစံပဲဖြစ်ဖြစ် အခြေချဖို့ AA ရဲ့ သဘောထားကိုသိပါရစေ။

    ဖြေ- ဒီနေ့အမျိုးသားလုံခြုံရေးပေါ့။ အစိုးရက ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ကလည်း လက်တွဲဆောင်ရွက်ချင်ပါတယ်။ ဖြစ်ချင်တာ၊ ရပ်တည်ချက်အတူတူပါပဲ။ လုပ်နည်းလုပ်ဟန်ကွဲတာတော့ရှိတာပေါ့။ ဒါကိုဆွေးနွေးညှိနှိုင်းရမှာပါ။ ဒီနေ့ ရခိုင်ပြည်နယ်မှာ တရားမ၀င်လူဦးရေ တိုးပွားမှုပြဿနာဟာ ရခိုင်တစ်ပြည်နယ်လုံးတင်မက တစ်နိုင်ငံလုံးရဲ့ပြဿနာ၊ ခြိမ်းခြောက်မှု၊ ဒါရခိုင်ပြည်ရဲ့ပြဿနာတင်မကပါဘူး။ ဒါကို အမျိုးသားလုံခြုံရေးကို နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့အညီ ဥပဒေနည်းလမ်းအရ တစ်နိုင်ငံလုံး ၀ိုင်းဝန်းပူးပေါင်းပြီး ဒေသလုံခြုံရေးကို ပါဝင်ဆောင်ရွက်ကြဖို့လိုပါတယ်။

    မေး- ဟုတ်ကဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်း ထပ်မေးချင်ပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ပါသလား။

    ဖြေ- အပစ်အခတ်ရပ်စဲရေး အောင်မြင်လိမ့်မယ်ထင်ပါတယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေကိုတော့ အစိုးရဘက်က စဉ်းစားဖို့လိုတယ်။ စစ်မှန်တဲ့ဖက်ဒရယ်စနစ်ပေါ်မှာ ရပ်တည်ချက်ရှိရင် အခြေခံရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ နှစ် (၆၀)ကျော် ပြည်တွင်းစစ်မှာ ဘယ်သူမှမအောင်နိုင်ဘူး။ ဘယ်သူမှမရှုံးဘူး။ တိုင်းပြည်ပဲ ချွတ်ခြုံကျသွားတယ်။ တိုင်းပြည်ကိုကောင်းစေချင်ရင် အားလုံးလက်ခံနိုင်မယ့်မူဘောင်ကို ချမှတ်ဖို့အရေးကြီးတယ်။ နှစ်ဖက်လက်ခံနိုင်တဲ့မူဘောင်ကို ချမှတ်နိုင်ရင် ကျွန်တော်တို့ အေးချမ်းဖွံ့ဖြိုးရုံသာမက ချက်ချင်းတိုးတက်လာမှာပါ။

    မေး- ဟုတ်ကဲ့၊ ဗိုလ်မှူးကြီးတို့အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

    ဖြေ- ဖြည့်စွက်ပြောချင်တာက ဒီနေ့ ငါ့မူ၊ သူ့မူဆိုတာထက် ကိုယ်ကိုင်စွဲထားတဲ့မူမှန်ပေမယ့် တိုင်းပြည်ကိုကြည့်ဖို့လိုတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ပဋိပက္ခတွေဖြစ်ပွားချိန်မှာ ဆုံးရှုံးခဲ့ရတဲ့ သယံဇာတအရင်းအမြစ်တွေ ဘယ်လောက်များပြီလဲ။ ကိုင်စွဲထားတဲ့မူက တစ်နိုင်ငံလုံး အေးအေးချမ်းချမ်း၊ အေးအတူပူအမျှဖြစ်ဖို့ အခြေခံဖို့ ဆွေးနွေးညှိနှိုင်းသွားဖို့ လိုတယ်လို့ပြောချင်ပါတယ်။

    ကျေးဇူးတင်ပါတယ်။

    Cradit 7 days news journal
    Posted by Free Arakan at 00:39
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: NEWS

    No comments:

    Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

ARAKAN ARMY (AA)

ARAKAN ARMY (AA)
သင့်အားတပ်မတော်မှ အလိုဟိသည်...ဆက်သွယ်ရန်..ဆက်ဆံရေးရုံး၊တရုတ်နယ်စပ်၊ဖုန်း-၀၀၈၆-၁၃၃၃ ၀၄၅၀ ၉၄၄ ၊ ၀၀၈၆-၁၈၀၈ ၈၂၁၂ ၆၄၀ ၊ Email : arakanarmy2012@gmail.com
  • ▼  2014 (34)
    • 04/27 - 05/04 (1)
    • 04/06 - 04/13 (11)
    • 03/23 - 03/30 (9)
    • 03/16 - 03/23 (3)
    • 03/09 - 03/16 (9)
    • 02/23 - 03/02 (1)

Labels

  • ENGLISH
  • LIBRARY
  • NEWS
  • STATEMENT

ARAKANESE SONG

ARAKAN ARMY PHOTO GELLARY

Arakan Army. Simple theme. Powered by Blogger.