
ရခိုင့်အသံ ( The Voice of Arakan) ၊ မတ်လ (၂၀) ၊ ၂၀၁၄ ခုနှစ် ရက်စွဲပါ မောင်လှိုင် (လမု)၏ ရက္ခိုင့်တပ်မတော် မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် နှင့်မေးမြန်းချက်။(၁) ။ ရက္ခိုင့်တပ်မတော်ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းနဲ့ရည်ရွယ်ချက် ကို ပထမဆုံးသိပါရစေ။
ရက္ခိုင့်တပ်မတော်ဖွဲ့စည်းပေါ်ပေါက်လာရတဲ့ သမိုင်းအကြောင်းရင်းကတော့ သမိုင်းရဲ့တောင်းဆိုချက်၊ လက်ရှိ ပကတိအခြေအနေရဲ့ တောင်းဆိုချက်၊ အနာဂတ်ရည်မှန်းချက် အစရှိတဲ့အကြောင်းတရားတွေနှင့် ရက္ခိုင့်တပ်မ တော်ကိုဖွဲ့စည်းရခြင်းလို့ပြောရင်ရပါလိမ့်မယ်။
တပ်မတော်တစ်ရပ်ဆိုကတည်းက မိမိတိုင်းပြည် နှင့်လူမျိုးကိုကာကွယ်ဖို့၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ် ဖို့တာဝန်ကအဓိကဖြစ်တယ်။ တိုင်းပြည်တစ်ပြည်ရဲ့ National Interest ဖြစ်တဲ့နယ်နိမိတ်၊သယံဇာတ၊ အမျိုးသား အမှတ်အသားသင်္ကေတလက္ခဏာ၊ အစရှိတဲ့ဟာတွေကို ထိပါးလာရင်ကာကွယ်စောင့်ရှောက်ဖို့ကလည်း အဲဒီ တပ်မတော်ရဲ့ တာဝန်ဖြစ်တယ်။ တနည်းပြောရရင်ရက္ခိုင့်တပ်မတော်ရဲ့ ရည်ရွယ်ချက်လို့ပြောရင်လည်းရတယ်။အဓိကနိုင်ငံရေးရည်မှန်းချက် တွေ ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့၊လုံခြုံအေးချမ်းမှုရှိတဲ့ ၊ တိုးတက်သာယာ တဲ့ရက္ခိုင့်လူ့ဘောင့်သစ်တည်ဆောက်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ် စဉ်ထဲမှာ အခြားတိုင်းရင်းသားများ နည်းတူ ကိုယ့်ကံကြမ္မာကိုယ်ပြဌာန်းခွင့်၊ တန်းတူအခွင့်အရေးရရှိရေးဆိုတဲ့အချက်တွေလည်းပါဝင်တယ်။
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
(၂) အဖက်ဖက်က ချွတ်ခြုံကျနေသော အဖရခိုင်ပြည်ကြီးပြန်လည်နလန်ထဖို့အတွက် ဘာတွေကို အဓိက လုပ်ဆောင်သင့်တယ်လို့ ယူဆပါသလဲ။
အဖက်ဖက်ကချွတ်ခြုံကျနေတယ်ဆိုကတည်းက အဖရခိုင်ပြည်ကြီးပြန်လည် နလန်ထူနိုင်ဖို့အတွက်လုပ်စရာ အလုပ်တွေက အများကြီးရှိလိမ့်မယ်။ ဒါကြောင့်လုပ်စရာအလုပ်တွေကိုလည်း ဘက်စုံ၊ ထောင့်စုံက အားလုံး ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်နိုင်မှသာပြန်၍နလန်ထူနိုင်မှာဖြစ်တယ်။ ဒါပေမဲ့ အဲဒီလုပ်စရာ အလုပ်တွေထဲက ဦးစားပေးလုပ်ငန်းတွေကိုတော့ အဓိကဦးစားပေးလုပ်သွားရမှာဖြစ်တယ်။ အဲဒီ ဦးစားပေးတွေထဲမှာ ပထမဆုံး လုပ်ရမှာက ရက္ခိုင်နိုင်ငံတော်ကျဆုံးသွားကတည်းကပါသွားတဲ့ “ရက္ခိုင့်စိတ်ဓာတ်” ကိုမြှင့်တင်ဖို့ဦးစားပေးလုပ်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ ရက္ခိုင်တွေရဲ့သမိုင်းမှာကြီးကျယ်ခမ်းနားခဲ့တာတွေကလည်း ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေရဲ့မွန်မြတ်ပြီး လေးစားဂုဏ်ယူ ဖွယ်ကောင်းတဲ့ အဲဒီ ရက္ခိုင့်စိတ်ဓာတ်တွေကြောင့်ပဲဖြစ်တယ်။ အဂု ချွတ်ခြုံ ကျနေရတာတွေကလည်း အဲဒီစိတ်ဓာတ်တွေ အားနည်းပျောက်ကွယ်သွား ရတဲ့ အတွက်ကြောင့်ဖြစ် တယ်။ဒါကြောင့်ရက္ခိုင်တစ်ယောက်ချင်းစီရဲ့နိမ့်ကျ
နေတဲ့ စိတ်ဓာတ်တွေကိုအရင်ဆုံးပြန်လည် ဖွံ့ဖြိုးလာအောင် လုပ်ဖို့ လိုပါလိမ့်မယ်။ ဒီလိုစိတ်ဓာတ်ကိုမြှင့်တင်အောင်လုပ်တဲ့နေရာမှာ ကျွန်တော်တို့ အနေနှင့်အခြားနိုင်ငံ၊ အခြား လူမျိုးတွေကိုစံနမူနာယူစရာ မလိုပါဘူး။ ကျနော်တို့ရဲ့အတိတ်သမိုင်းမှာလေးစားအားကျဂုဏ်ယူ စရာကောင်းတဲ့ မင်းဗာကြီး၊မင်းထီးစတဲ့ရက္ခိုင်ဘုရင်တွေနှင့် ဖွံ့ဖြိုးတိုးတက်စည်ပင်သာယာဝပြောခဲ့တဲ့ရက္ခိုင်နိုင်ငံတွေ အများကြီး ရှိခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ အဲဒီစိတ်ဓာတ်တွေနှင့်အတူ ရက္ခိုင်လူမျိုးတစ်ယောက်ချင်းစီရဲ့ အမျိုးသားရေးအပေါ်တာဝန်ယူမှုနှင့် တာဝန်ခံမှုအပိုင်းတွေမှာ ပိုမိုအားကောင်းလာအောင်လုပ်ဆောင်ဖို့ လည်း လိုပါလိမ့် မယ်။ အထူးသဖြင့်လက်ရှိမျိုးဆက်တွေက ပိုလို့လိုအပ်ပါလိမ့် မယ်။ နောက်ထပ်တစ်ချက်ကတော့ Community Based Organization , Civil Society Organization အစရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့ အစည်း တွေ ပို၍အားကောင်းလာအောင်ပြုလုပ်ဖို့လိုပါလိမ့် မယ်။ CBO , CSO တွေရဲ့ အခန်းကဏ္ဍ အရေးကြီးပုံတွေကိုပြည်သူတွေကျယ်ကျယ်
ပြန့်ပြန့်သိနားလည်လာအောင်လုပ်ဖို့လိုအပ်တဲ့အပြင် ဖွံဖြိုးလာ အောင် လည်းလုပ်ဖို့လိုပါလိမ့်မယ်။ နောက်ပြီးအဲဒီအဖွဲ့အစည်း မှာပါဝင်လှုပ်ရှား
ဆောင်ရွက်နေကြသူတွေရဲ့ စွမ်းရည်တွေမြင့်လာအောင်လည်းလုပ်ဖို့လိုပါ လိမ့်မယ်။ နောက်ထပ်လုပ်စရာအလုပ်တွေကတော့အများကြီးပါပဲ။ အဲဒီလုပ်စရာများတဲ့အထဲကမဖြစ်မနေလုပ်ရမှာက တော့ ရက္ခိုင့်အမျိုးသား တပ်မတော်တစ်ရပ်ကိုအခုထက်ပိုမို အားကောင်းလာအောင်အဖက်ဖက်က ဝိုင်းဝန်းပံ့ပိုးဖို့ လိုအပ်လိမ့်မယ်ဆိုတဲ့အချက်ပါပဲ။
(၃) လက်ရှိမြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ် နှင့်တိုင်းရင်းသား တို့၏ အခန်းကဏ္ဍ ကိုဘယ်လိုမြင်ပါသလဲ။
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်က အဂုလာမည့်ဧပြီ (၁) ရက်နေ့ဆိုရင် လေးနှစ်ဆိုတဲ့သက်တမ်းကိုရောက်ရှိတော့မှာဖြစ်တယ်။
လေးနှစ်နီးပါးဆိုတဲ့ကာလအတောအတွင်းမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲ လို့ပြောရလောက်အောင်မရှိသလောက်ပါပဲ။ ဒါ့အပြင်အဲဒီအပြောင်းအလဲရဲ့အသီးအပွင့်ကိုခံစားရတာက ကျွန်တော် တို့တိုင်းရင်းသားတွေမှမဟုတ်ပဲ။ အစိုးရအနေနှင့်တော့ နိုင်ငံတကာက ပိတ်ဆို့ထားတဲ့ပိတ်ဆို့မှုတွေ ပွင့်လာခြင်း၊ဘယ်တုန်းကယူထားမှန်း မသိတဲ့ကြွေးမြီတွေ ကို နိုင်ငံတကာကကျေအေးပေးခြင်း၊ အာဆီယံဥက္ကဌ ရာထူးကို လက်ခံပြီးတဲ့နောက်ပိုင်းမှာတော့အာဆီယံဥက္ကဌရဲ့ အရသာကို ခံစားရခြင်း၊ စသည့်သိသာထင်ရှားတဲ့ ပြောင်းလဲမှုအချို့ကလွဲပြီး ကျန်တဲ့ အကြောင်းအရာတွေက ထူးမခြားနားပါပဲ။ ဒီအပြောင်းအလဲတွေ ရဲ့ အကျိုး ရလာဒ်တွေကို တိုင်းရင်းသားတွေဖက်က အနည်းအကျဉ်းတောင် ခံစားရတာ မဟုတ်ဘူး။လေးနှစ်နီးပါး ဆိုတဲ့ ကာလအတွင်းမှာတော့ တိုင်းရင်းသားတွေ ရဲ့ရပိုင်ခွင့်၊ နစ်နာချက်တွေကတော့ တစ်ရက်ထက် တစ်ရက် မြင့်တက် လာမှုတို့နှင့် အတူ ငြိမ်းချမ်းရေးဖြစ်စဉ်အောက်မှာ တိုင်းရင်းသားဒေသတွေ ထဲကတိုက်ပွဲတွေကတော့အခုထက် ထိတိုင်အောင် ပါပဲ။ တိုင်းရင်းသားတွေကိုတော့အပြောင်းအလဲရဲ့သားကောင်လို့ပြောရင်တောင်ရလိမ့်မယ်။ ပြောင်းလဲသယောင် ယောင်အပြောင်းအလဲဆိုပါတော့။
(၄) တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။
ရက္ခိုင့်တပ်မတော်အနေနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်လို့ အကောင်းမြင်တဲ့သဘောရှိပါ တယ်။ အစိုးရနှင့် တရားဝင်တိုက်ရိုက်ပြောဆိုဆွေးနွေးမှုမရှိပေမဲ့ NCCT ထဲမှာ ရက္ခိုင့်တပ်မတော် (Arakan Army) ကအဖွဲ့ဝင်အနေနှင့်ပါနေတော့ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါနေတဲ့သဘောပါပဲ။ဦးသိန်းစိန်အစိုးရရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဆွေးနွေးဖို့ ဖိတ်ခေါ်ကတည်းကရက္ခိုင့်တပ်မတော်အနေနှင့်အမြဲတမ်းစောင့်ကြည့် လေ့လာအကဲခပ်နေတာက ဒီနေ့ထက်ထိပါပဲ။ မတ်လ(၉/၁၀) ရက်နေ့တွေက ရန်ကုန်မှာကျင်းပ ပြုလုပ်ခဲ့တဲ့NCCT နှင့် MPC ဆွေးနွေးပွဲအပြီး ထွက်ပေါ်လာတဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာပူးတွဲ သဘောထား ထုတ်ပြန်ချက်အပေါ်မှာလည်း ကျနော်တို့ ရက္ခိုင့်တပ်မတော် အနေနှင့်ကြိုဆိုပါ တယ်။ အဲဒီ ဆွေးနွေးပွဲကိုလည်းရက္ခိုင့်တပ်မတော်က ဒုတိယ ဗိုလ်မှူးကြီးကျော်ဟန်တက်ရောက်ခဲ့ပါတယ်။ နောက်ထပ်တစ် ချက် အနေဖြင့် အဆိုးထဲကအကောင်းပြောရရင်တော့ ကာချုပ်မင်းအောင်လှိုင် ကိုယ်တိုင်ကလည်းတစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးမဖြစ်ဖြစ်အောင်လုပ် မယ် ဆိုတာတွေ၊ NCCT နှင့် MPC ဆွေးနွေးပွဲကို စစ်ဖက်ဆိုင်ရာ ထိပ်တန်းအရာရှိ (၆)ယောက်ပါဝင်လာတာတွေကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက်ကောင်းမွန် တဲ့ အနေအထား ၊တိုးတက်တဲ့ လက္ခဏာတွေလို့ပြောရင်ရပါလိမ့်မယ်။ အပြောနှင့်အလုပ်ညီမညီ ကိုတော့ စောင့်ကြည့်ရုံကလွဲလို့ပေါ့။
(၅) တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးအတွက်ဆိုရင် ဘယ်လိုနိုင်ငံရေး ဝန်းကျင် ကောင်းမျိုးကို အစိုးရအနေနဲ့ ကြိုတင်ဖန်တီးထားပေးသင့်ပါသလဲ။
တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးအတွက်အဲဒီငြိမ်းချမ်းရေးနှင့်သဟဇာတဖြစ်စေမည့်နိုင်ငံရေးရာသီဥတု၊ နိုင်ငံရေး ပတ်ဝန်းကျင်တွေဖန်တီးပေးဖို့ လိုလိမ့်မယ်။တိုင်းပြည်ရဲ့အနာဂတ်ကိုစေတနာရှိရှိနဲ့ရိုးသားစွာ မြော်မြင်
တွေးခေါ်မှုလည်းလိုပါလိမ့်မယ်။ဒါကြောင့် တာဝန်ရှိတဲ့အစိုးရအနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ အဆင့်တိုင်းကိုအလေးအနက် ထားစေချင်တယ်။ အလေးအနက်ထားဖို့လည်း ပြောကြားလိုပါတယ်။ အတိတ်က ရရှိထားတဲ့သင်ခန်းစာတွေနှင့်အတွေ့အကြုံတွေဟာ ဒီဖြစ်စဉ် အတွက်အကောင်းဆုံးသော လေ့လာသင်ယူစရာ တွေဖြစ်ပါလိမ့်မယ်။
ထာဝရငြိမ်းချမ်းရေးဆိုတဲ့စကားကိုတော့ လူတိုင်းကပြောကြတယ်။ လိုလည်းလိုချင်ကြတယ်။ အမှန်တကယ် လည်း လုပ်ခဲ့ကြတယ်။ လုပ်လည်းလုပ်နေကြတယ်။ လုပ်လည်းလုပ်နေဆဲလည်းဖြစ်တယ်။ ထာဝရငြိမ်းချမ်းရေး ရဖို့အတွက်တော့ တိုင်းရင်းသား လက်နက်ကိုင်
တော်လှန်ရေး တွေဖက်ကရော၊ အစိုးရဖက်ကရော ကြိုးစားနေ ကြတယ်။ ဒီတစ်ကြိမ်မှာတော့ ထာဝရငြိမ်းချမ်းရေးရလာမလားဆိုတဲ့မျှော်လင့်ချက် ကတော့အားလုံးကိုယ်စီရှိကြမှာပဲ။ဒါကြောင့်အမှန်တကယ်ငြိမ်းချမ်း ရေး လိုချင်ရင်တော့ ရိုးသားမှုရှိဖို့အဓိကလိုပါလိမ့်မယ်။ နောက်ပြီး အမှန်တကယ် လိုချင်တဲ့စိတ်လည်းရှိဖို့လိုပါလိမ့်မယ်။ အမှန်တကယ်လိုချင်တဲ့စိတ်မရှိ ရင်တော့ မလုပ်ချင်တဲ့ အရာတစ်ခုကို မတတ်သာလို့လုပ်နေရတယ် ဆိုတဲ့ခံစားချက်မျိုးနှင့်ဆိုရင်တော့ ထာဝရငြိမ်းချမ်းရေးဆိုတာက ဘယ်တော့မှရလာမှာ မဟုတ်ဘူး လို့ပြောချင်တယ်။
(၆) လက်ရှိရခိုင်ပြည်လုံခြုံရေးအပါအဝင် ရခိုင်ဒေသပဋိပက္ခတွေအပေါ်မှာ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်း နေမှုကိုအားရကျေနပ်မှု ရှိပါသလား။ ဒုစစ်ဦးစီးချုပ်အနေနဲ့ ဘယ်လိုဖြစ်သင့်တယ်လို့ ယူဆပါသလဲ။
လက်ရှိရခိုင်ပြည်လုံခြုံရေးအပါအဝင် ရခိုင်ဒေသပဋိပက္ခတွေအပေါ်မှာ အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းနေမှုကို အားရ ကျေနပ်မှုရှိသလား ဆိုတော့ရှင်းရှင်းလေးပါပဲ။ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရအနေနဲ့ ကလုပ်သင့်တာ ထက်လုပ်ချင်တာကိုဦးစားပေးနေကြ လို့ပါ။ ဖြစ်သင့် တာထက်ဖြစ်ချင်တာတွေကိုဆောင်ရွက်နေကြလို့ပါ။ ဘယ်လောက်ပဲ လုံခြုံရေးဆောင်ရွက်ပေးနေတယ်ပြောပြောလက်တွေ့မှာရခိုင် ပြည်သူတွေဟာ လုံခြုံမှုရှိသလား။ ရခိုင်ပြည်ကကောလုံခြုံမှုရှိသလားဆိုတော့မရှိပါဘူး။ ရခိုင်ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ နာကျင်ခြင်း ကိုခံစား နေကြ ရတယ်။ စိတ်ဒဏ်ရာတွေရနေကြတယ်။ လုံခြုံရေးတာဝန်ယူပေးနေတဲ့သူတွေ ကိုယ်နှိုက်က မလုံခြုံ ကြဘူး။ တိုက်ခိုက်ခြင်းကိုခံနေကြရတယ်။ ဒါတွေဟာလက်ရှိရခိုင်ပြည် လုံခြုံရေးအခြေအနေရဲ့ပကတိအရှိ တရားတွေဖြစ်တယ်။ အဓိက က ဒေသခံပြည်သူလူထုရဲ့ ခံစားချက်ကို အလေးအနက်ထားပြီးတော့ ပူးပေါင်းမှုကိုရယူရမယ်။ ဒေသခံတွေရဲ့ သဘောထားကိုအလေးအနက်ထားရမယ်။အနာနဲ့ဆေးတည့်အောင်ပေးဖို့လိုအပ်လိမ့်မယ်။ ရခိုင်ပြည်ရဲ့ လုံခြုံရေးကိုစဉ်းစားတဲ့နေရာမှာအချုပ်အခြာ အာဏာကိုပါထည့်တွက်ရမယ်။ ဒါဟာပြည်ထောင်စုတစ်ခုလုံးနဲ့ဆိုင် တဲ့ကိစ္စဖြစ်တယ်။ ရခိုင်ပြည်သူတွေဟာခေတ်အဆက်ဆက်မှာ ကျူးကျော်ရန်စမှုအမျိုးမျိုးကို ခါးစည်းခံစား လာခဲ့ကြတယ်။ ရင်ဆိုင်တွန်းလှန်လာခဲ့ကြတယ်။ အသက်ပေါင်းမြောက်များစွာကို လည်း ပေးဆပ်လာခဲ့ကြ တယ်။ ဒီအချက်ကိုအစိုးရအနေနဲ့ အလေးအနက်ထားသင့်တယ်။ ဒီတော့ရခိုင်ဒေသရဲ့စစ်မှန်တဲ့လုံခြုံရေးကို အမှန်တကယ်ဆောင်ရွက်ချင်တယ်လို့ဆိုရင်တော့ ဒေသခံရခိုင်ပြည်သူတွေရဲ့ဆန္ဒနဲ့ပူးပေါင်း ဆောင်ရွက်မှုကိုလက်ခံရလိမ့်မယ်။လက်ရှိရခိုင်ပြည်ရဲ့ အခြေအနေအရပ်ရပ်ကိုကိုင်တွယ်တဲ့နေရာမှာအစိုးရအနေနဲ့ချဉ်းကပ်ပုံမှန်စေချင်တယ်။
ဒီမေးခွန်းမှာကိုယ်နှိုက်ကရခိုင်ဒေသပဋိပက္ခလို့သုံးထားတာတွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့ဖြစ်စေချင်တာက ကျူးကျော်စစ်ကိုကျူးကျော်စစ်လို့ ကွဲကွဲပြားပြားမြင်စေချင်တယ်။ ရှင်းရှင်းလင်းလင်း ကိုင်တွယ်စေလို တယ်။ ပြတ်ပြတ်သားသားလုပ်ဆောင်ကြစေလိုတယ်။ ဒါဟာ ပဋိပက္ခမဟုတ်ဘူး။ အဓိကရုဏ်းလည်းမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာနဲ့ အစ္စလမ်ဘာသာဝင်တွေ အကြားကအရေးအခင်းလည်းမဟုတ်ပါဘူး။ ဒါဟာ နှစ်ရှည်လများစီစဉ် ဆောင်ရွက်လာခဲ့တဲ့ကျူးကျော်စစ်ဖြစ်တယ်။
ပြည်သူတွေကိုယ်တိုင်ကလက်မခံကြဘူးဆိုတာ ကို ပြည်သူတွေ ရဲ့ လက်ရှိလုပ်ရပ်တွေက သက်သေတွေပဲဖြစ်တယ်။ ဝမ်းနည်းစရာကောင်း တာက လွှတ်တော်ထဲမှာတောင်မှဒီကိစ္စကိုအလေးအနက်ထားပြီး ဆွေးနွေး တာမျိုး မတွေ့ ရဘူး။ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုလျော့မတွက်မိဖို့ အကြောင်းကိုတော့ အထူးတလည်သတိပြုကြစေချင်တယ်။ နိုင်ငံရေးပါတီ
တွေ အနေနဲ့လဲပဲမိမိပါတီမဲရရေးအတွက် အချုပ်အခြာအာဏာကို အလောင်းအစား မပြုကြဖို့ အရေးကြီးပါတယ်။ စစ်မှန်တဲ့ပြည်ထောင်စု စိတ်ဓာတ်နဲ့ ပူးပေါင်းပါဝင်ဆောင် ရွက်ကြဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာအဓိကသက်ဆိုင်တဲ့ ရခိုင်ပြည်သူတွေကိုဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝ ပေးရလိမ့်မယ်။ ရခိုင်ပြည်သူ တွေရဲ့ ဆန္ဒမပါဘဲနဲ့ ဆုံးဖြတ်လုပ်ကိုင်ခြင်းဟာအနာဂတ်အတွက်ကောင်းမွန်တဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ ဒီလိုတစ်ဖက်သပ်ဆောင်ရွက်လာခြင်းရဲ့ အကျိုးဆက်တွေ ကိုလည်း အတိတ်မှာသင်ခန်းစာတွေအများကြီးရခဲ့ပြီးပြီ။ဒီတော့ ဖြစ်သင့်တာ ကရခိုင်သမိုင်းဆိုင်ရာရှင်းလင်းပွဲတစ်ခုကို နိုင်ငံတကာကိုပါဖိတ်ကြားပြီး အကျယ်တဝင့် ပြုလုပ်ပေးသင့်တယ်။ ရခိုင်လူမျိုးတွေခံစားနေကြရတဲ့ ကျူးကျော်စစ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာက လက်ခံနားလည် လာအောင် ဆောင်ရွက်သင့်တယ်။ ပြည်ထောင်စုရဲ့အချုပ်အခြာအာဏာကို ထိပါးစော်ကား ခြိမ်းခြောက်နေတဲ့အရာမှန်သမျှသတိကြီးကြီးနှင့် ကိုင်တွယ်သင့်တယ်။ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအကြောင်း ပြပြီးတော့ ကိုလိုနီစနစ်ကိုအသက်သွင်းလိုကြတဲ့အနောက်နိုင်ငံတွေ၊ မီဒီယာတွေ ကိုလဲ ပြတ်ပြတ် သားသား ပဲဆက်ဆံပြောဆိုရလိမ့်မယ်။ ၁၉၈၂-နိုင်ငံသား ဥပဒေကိုလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမယ်။ ရခိုင်ပြည်သူတွေကိုကိုယ့်မြေကိုကိုယ်စောင့်ရှောက်ခွင့်နဲ့ ကိုယ့်အခွင့်အရေး ကို ကာကွယ်ခွင့်ပေးရလိမ့်မယ်။
(၇) ပြည်တွင်းရခိုင်နိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ပေါင်းစည်းတဲံနောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို လည်း ပြည်သူလူထုကပေါင်းစည်းလိုကြတယ်။ ဒီအပေါ်မှာကောဒု-စစ်ဦးစီးချုပ်ရဲ့သဘောထားကို သိချင်ပါတယ်။
ပါတီနှစ်ခုပေါင်းစည်းတာက ရက္ခိုင်လူထုတစ်ရပ်လုံးအတွက်ရော၊ ရက္ခိုင့်အနာဂတ်အတွက်ပါ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်လို့ ပြောရင်ရပါတယ်။ ရက္ခိုင့်တပ်မတော်အနေနှင့်လည်း အဂုလိုမျိုးပါတီနှစ်ခု
ပေါင်းစီးပြီး အသစ်ဖြစ်လာတဲ့ ရခိုင်အမျိုးသားပါတီ ( Arakan National Party) ကိုဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ ပြည်သူတွေအနေနှင့် ကတော့ အင်အားကောင်းတဲ့ရက္ခိုင့်အမျိုးသားတပ်မတော်တစ်ရပ် ကိုမြင်ချင်ကြတာကတော့ ဖြစ်သင့်တာကိုတောင်းဆိုကြတာပါပဲ။ ရက္ခိုင့်တပ်မတော်အနေနှင့်လည်းအောင်လံတော်တစ်ခုတည်းအောက်မှာ အတူတကွတိုက်ပွဲဝင်ဖို့အတွက် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတွေနှင့်ပြည်သူတွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒကိုဖြည့်စည်းပေးနိုင်ဖို့ နေ့မအားညမအားကြိုးစားဆောင်ရွက်နေပါတယ်။
(၈) လက်ရှိပြည်တွင်းမှာဘာသာရေး၊ နိုင်ငံရေး၊လူမှုရေးအဖွဲ့အစည်းတွေဟာ အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ရင်း ရခိုင်ပြည်ငြိမ်းချမ်းရေး၊ လုံခြုံရေးဖြစ်စဉ်တွေ မှာ သက်စွန့်ကြိုးပမ်းဆောင်ရွက်နေကြရတယ်။ ဒီပုဂ္ဂိုလ်တွေအပေါ် မှာဘယ်လိုများအကြံပြုချင်ပါသလဲ။
ပြည်တွင်းမှာလုပ်ကိုင်နေရသူတွေအနေနှင့်ကတော့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာအလုပ် လုပ်နေရတဲ့အတွက် ခက်ခဲမှုတွေကတော့အများကြီးရှိမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရက္ခိုင်အရေးကို ရက္ခိုင် မလုပ်ရင် ဘယ်သူမှလာလုပ်မပေးဘူးဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သိနားလည်လာအောင် ပြုလုပ်ပေးဖို့ လိုပါ လိမ့်မယ်။ ဆရာကြီးမောင်ဗသိန်းလို ပုဂ္ဂိုလ်ထူးတွေကိုယ်တိုင်လမ်းပေါ်ထွက်လို့ အမျိုးသားရေးအတွက် တတ်နိုင်တဲ့နေရာကဝင်ထမ်းပေးနေတာကိုတွေ့နေ ရတော့ ပြောပြမတတ်အောင် ဝမ်းသာအားရမိပါတယ်။ ပြည်တွင်းကကြိုးပမ်း
ဆောင် ရွက်နေသူတွေကို Soft Power လို့ပြောလို့ရပြီး လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ကို Hard Power လို့ပြောရပါလိမ့်မယ်။ ဒီလို Soft Power နှင့် Hard Power ဟန်ချက်ညီညီ၊ တက်ညီလက်ညီ အလုပ်လုပ်ပြီး Smart Power ဖြစ်အောင် အလုပ်လုပ်ကြဖို့ လိုပါတယ်။
(၉) နောက်ဆုံးအနေနှင့် အဖရခိုင်ပြည်နဲ့ရခိုင်ပြည်သူလူထုကိုမှာကြားလိုတဲ့ ရက္ခိုင့်တပ်မတော် ဒု-စစ်ဦးစီး ချုပ်တစ်ဦးရဲ့ ရင်ထဲက စကားသံကိုလည်း ကြားပါရစေ။
ဒီနေ့ဒီအချိန်မှာကျွန်တော်တို့ရက္ခိုင်တွေအနေနှင့်အရင်ထက်ပိုလို့စည်းလုံးညီညွတ်ကြပါလို့နှင့်ကိုယ့်ရဲ့အားနည်း ချက်၊ အားသာချက်ကို အမှန်တကယ်သိရှိနားလည်အောင်ကြိုးစားကြပါလို့ပထမဆုံးပြောကြားလိုတယ်။ နောက်တစ်ချက်က အဂုလာဖို့ဧပြီ (၂၇) ရက်မှ မေလ(၁) ရက်အတွင်း ငါးရက်ကြာကျင်းပမည့် ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံနှင့်ပတ်သက်လို့ ရက္ခိုင်တစ်ယောက်ချင်းစီရဲ့ အမျိုးသားရေး အသိစိတ်နှင့်ကျရာနေရာမှ ကျရာတာဝန်ကိုထမ်းဆောင်ပေးကြဖို့အလေးအနက်ပြောကြားလိုပါတယ်။ အဲဒီညီလာခံဟာကျွန်တော်တို့ ရက္ခိုင် တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးနှင့်ရက္ခိုင့်အနာဂတ်အမျိုးသားရေးလုပ်ဆောင်မှုတွေအတွက်အခွင့် အလမ်း တစ်ရပ်ဖြစ်တယ်ဆိုတာကို ရက္ခိုင်တစ်မျိုးသားလုံးသိနားလည်ဖို့လိုတယ်ဆိုတာပါပဲ။
အဲဒီညီလာခံနှင့်ပတ်သက်လို့ သံသယရှိသူတစ်ချို့ရှိသလို ညီလာခံကိုမလိုလားတဲ့သူတစ်ချို့လည်းရှိချင်ရှိမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးအနေဖြင့် ညီလာခံကျင်းပခွင့်ရခြင်းရလာတဲ့အခွင့်အရေးကိုအမိအရလှမ်းဆုပ်ကိုင်ပြီး အမျိုးသားညီညွတ်ရေးအတွက် လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရုံပါပဲ။
နောက်တစ်ခုပြောလိုတာကရက္ခိုင်တွေရဲ့နှစ်ပေါင်းနှစ်ရာကျော်အတွင်းရှိနေတဲ့အမျိုးသားရေးပြဿနာ၊အမျိုးသား ရေးအကျပ်အတည်းတွေကိုအဂုလိုမျိုးညီလာခံတစ်ရပ်ကျင်းပခွင့်ရရုံမျှဖြင့် တစ်နေရာတည်း တစ်ထိုင်တည်းမှာ ဖြေရှင်းလို့ပြီးသွားမှာမဟုတ်ဘူးဆိုတာကိုလည်းသိရှိနားလည်ဖို့လိုအပ်လိမ့်မယ်ဆိုတာပါပဲ။ ဒီလိုညီလာခံ ကျင်းပခွင့်ရမှသာကျွန်တော်တို့အနေဖြင့် လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ခေါင်းချင်းဆိုင် ဆွေးနွေး အဖြေရှာလို့ ရနိုင်မယ်။အဲသလိုဝိုင်းဝန်းဆွေးနွေးအဖြေရှာပြီးမှသာ ဘုံသဘောတူညီချက်တွေကိုချမှတ်နိုင်မယ်။ အဲဒီနောက် ဆွေးနွေး ဆုံးဖြတ်ချက်ကျထားတဲ့ ဘုံသဘောတူညီချက်တွေထဲက အချက်တွေကို ဘယ်သူက ဘယ်တာဝန်ကိုဘယ်လောက်ယူမလဲဆိုတဲ့တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေပေါ်လာလိမ့်မယ်။ အဲလို တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းတွေ နှင့် လက်တွေ့ကျကျ လေးလေးနက်နက် ခရီးဆက်ပြီးတဲ့အခါမှပဲထွက်ပေါ် လာတဲ့ရလာဒ်တွေနှင့် လိုချင်တဲ့ပန်းတိုင်ကိုခရီးဆက်နိုင်မှာ ဖြစ်တယ်။ နောက်ဆုံးပြောလိုတာက ဘယ်အရာမှ အလကားရမလာဘူးဆိုတာပါပဲ။ လိုချင်တဲ့အရာ၊လိုချင်တဲ့ ပန်းတိုင်ကိုရဖို့အတွက် ထိုက်တန်တဲ့ရင်းနှီးပေးဆပ်မှု ဆိုတာရှိရစမြဲပါပဲ။ ဒါကြောင့် လိုချင်တဲ့အရာ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေဖြစ်လာဖို့ ထိုက်တန်တဲ့ရင်းနှီးပေးဆပ်မှုတွေ အတွက် အမြဲတမ်းအဆင့်သင့်ဖြစ်နေဖို့လိုတယ် ဆိုတာလောက်ပါပဲ။
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
No comments:
Post a Comment