(၅) နှစ်မြောက်ရက္ခိုင့်တပ်မတော်နေ့ အခမ်းအနား အောင်မြင်စွာဖြင့် ကျင်းပပြီးစီး
၂ဝ၁၄-ခုနှစ်၊ဧပြီလ(၁ဝ)ရက်နေ့တွင်ကျရောက်သော (၅)နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့ အခမ်းအနားကို လှိုင်းစရာစစ်သင်တန်းကျောင်းအနီးရှိ စစ်ရေးပြကွင်းကြီး၌ အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ကြောင်းသိရှိရသည်။
(၅)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကိုရက္ခိုင့်တပ်မတော်မှနိုင်ငံနှင့်လူမျိုးအတွက်ခံယူအပ် သောသစ္စာအဓိဋ္ဌာန်(၅)ချက်ကိုအလေးအနက်လိုက်နာကျင့်သုံးပြီးစည်းကမ်းသေဝပ်မှု၊ အမိန့်နာခံမှု ကောင်းသောအမျိုးသား
တော်လှန်ရေး တပ်မတော်တစ်ရပ်အဖြစ် ခေတ်နှင့်အညီပီပြင် ပေါ်လွင်စွာ ကြိုးစား တည်ဆောက်ရေး၊ ကမ္ဘာအရပ်ရပ်သို့ ပြန့်ကြဲ ရောက်ရှိသွားကြသော ရက္ခိုင်လူမျိုးများ ဇာတိမြေတိုင်းပြည် သို့ပြန်လာနိုင်ရေးနှင့် ရက္ခိုင်တော်လှန်ရေးအင်အားစုများနှင့်လက်နက်ကိုင် တပ်အသီးသီး တွင် ရောက်ရှိနေကြသော ရက္ခိုင်စစ်သည်များအားလုံး ရက္ခိုင့်တပ်မတော်၏ အလံတော်အောက်သို့ တစ်စည်းတစ်လုံးတည်းရောက်ရှိရေး၊ ရက္ခိုင်အမျိုးသား ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးရေးနှင့် ညီလာခံမှချမှတ်လာမည့် အမျိုသားရေး မဟာဗျူဟာ၊ နည်းဗျူဟာများကိုလက်တွေ့ ကျသော အကောင်အထည်ဖော် ဆောင်ရွက်မှု အခန်းကဏ္ဍတွင် ကြိုးပမ်းဝင်ရောက်ထမ်းဆောင်ရေး၊ ရက္ခိုင် အမျိုးသား ညီညွတ်ရေး လုပ်ငန်းစဉ် အထမြောက်အောင်မြင်လာအောင် ဆက်လက်ကြိုးစား ဆောင်ရွက်၍ ရက္ခိုင့် လူ့အဖွဲ့အစည်း ခါးစည်းရင်ဆိုင် ခံစားနေရသော ကိုလိုနီပြုမှုဒဏ် အမျိုးမျိုးကို နိုင်ငံတကာမှ အမှန်အတိုင်း သိမြင်လာရန်အတွက် ပြည်သူတို့နှင့်အတူတကွ လက်တွဲ ချီတက်ရေးဆိုသည့် အမျိုးသား တော်လှန်ရေးဦးတည်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါအခမ်းအနားသို့ ရက္ခိုင့်တပ်မတော်စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဦးစီးအဖွဲ့ဝင် အရာရှိ ကြီးများ၊ စစ်ဒေသမှူးများ၊ စစ်ကြောင်းမှူးများ၊ တပ်ဌာနအသီးသီးမှ တပ်မှူးများနှင့်ဌာနမှူးများ၊ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်/စစ်မယ်များ၊ စစ်ဒေသများမှကိုယ်စားလှယ်တော်များ၊ မဟာမိတ် အဖွဲ့အစည်း များမှ အဆင့်မြင့်အရာရှိများ၊ အထူး ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်သူ လူထုများ၊ အမျိုးသမီး အသင်းအဖွဲ့များ၊ သတင်းဌာနများနှင့် လေ့လာသူများအပါအဝင် စုစုပေါင်း အင်အား တစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
အခမ်းအနားကိုပထမပိုင်းနှင့်ဒုတိယပိုင်းဟူ၍ နှစ်ပိုင်းခွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမပိုင်းကိုနံနက်(၆)နာရီ (၃ဝ)မိနစ်အချိန်တွင်စတင်ကျင်းပရာ ပထမဦးစွာ တပ်မတော်နေ့ စစ်ရေးပြစစ်ကြောင်းများက လှိုင်းစရာစစ်သင်တန်းကျောင်း၊ ရက္ခသေနာ ခန်းမဆောင် အနီးစုရပ်မှ စတင် ထွက်ခွာလာကြပြီး အခမ်းအနားကျင်းပရာစစ်ရေးပြကွင်းအတွင်းသို့ ချီတက်နေရာယူကြသည်။ စစ်ကြောင်းများကို အလံတော်အဖွဲ့၊ စစ်ကြောင်း(၁) ဓညဝတီစစ်ကြောင်း၊ စစ်ကြောင်း(၂) ဝေသာလီ စစ်ကြောင်း၊ စစ်ကြောင်း(၃) လေးမြို့စစ်ကြောင်း၊ စစ်ကြောင်း(၄) မြောက်ဦးစစ်ကြောင်း နှင့် ရက္ခိုင့် တပ်မတော်စစ်တီးဝိုင်း ဘင်ခရာအဖွဲ့ စသည်ဖြင့် အသီးသီးဦးဆောင်ချီတက်ခဲ့ကြသည်။
၎င်းနောက် စစ်ဦးစီးချုပ်ရောက်ရှိလာပြီးစစ်ရေးပြကွင်းအတွင်းရှိအလေးပြုခံ စင်မြင့်၌နေရာယူသည်။ စစ်ကြောင်းများ၏အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ကြောင်းများအားစစ်ဆေးသည်။ယင်းနောက် ရက္ခိုင့်တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က တပ်မတော်နေ့ မိန့်ခွန်းပြောကြားသည်။
ထိုသို့ပြောကြားရာတွင် “ ကျူးကျော်ခံနေရသောတိုင်းပြည်တစ်ပြည် အတွက် ခိုင်မာသော တပ်မတော်တစ်ရပ်ကိုအချိန်မီတည်ဆောက်ပိုင်ဆိုင်ထားရေး သည် မိမိတို့၏သေရေးရှင်ရေး အဆုံးအဖြတ်နှင့်အနာဂတ် ၏အာမခံချက်ပင်ဖြစ်ကြောင်း၊ ရက္ခိုင့်တပ်မတော်အနေဖြင့် ငါးနှစ်တာကာလ ဖြတ်သန်းလာသောလမ်းခရီးတွင် အတွေ့အကြုံ များစွာကို ရရှိခဲ့ကြောင်း၊ ပြည်သူလူထု၏ အားပေးထောက်ခံမှု၊ စစ်သည်/စစ် မယ်များ၏ တော်လှန်ရေး အပေါ်သစ္စာစောင့်သိမှု၊ တပ်မတော် အပေါ်စေတနာမှန်မှန်ဖြင့် တာဝန်ထမ်းဆောင်မှု၊ မှန်ကန်သော ဦးဆောင်မှုများကြောင့် ရက္ခိုင့်တပ်မတော်သည် ခရီးပေါက်အောင် လျှောက်လှမ်းနေကြောင်း၊ လက်ရှိအချိန်သည် ရက္ခိုင်လူမျိုးများအတွက် ရန်သူနှစ်ဦးကြားတွင် ပိတ်မိနေကြောင်း၊ အမျိုးသားရေး လမ်းကြောင်းမှန် ပေါ်ထွန်းရေးအတွက် ရက္ခိတလမ်းစဉ်ကို ချမှတ်ရန်လိုကြောင်း၊ မကြာမီတွင်ကျင်းပ ပြုလုပ်မည့် ရက္ခိုင်အမျိုးသားညီလာခံကို အပြည့်အဝ ထောက်ခံပါကြောင်း၊ ရက္ခိုင့်တပ်မတော်အနေဖြင့် တပ်မတော်နေ့ အမျိုးသားတော်လှန်ရေး ဦတည်ချက်များအတိုင်းဆက်လက်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း” များကို အကျယ်တဝင့် ပြောကြားသွားသည်။
ဆက်လက်၍ စစ်ကြောင်းများကစစ်ဦးစီးချုပ်အားစစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုကြသည်။ ထိုသို့ချီတက်အလေးပြုစဉ် ပြည်သူလူထုများက လက်ခုပ်ဩဘာသံများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြု ကြသည်။ ၎င်းနောက် စစ်ဦးစီးချုပ်သည် စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီး ၂ဝ၁၄-ခုနှစ်၊ (၅)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားအစီအစဉ် ပထမပိုင်းကိုနံနက်(၇)နာရီတွင် အောင်မြင်စွာဖြင့် ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကိုနံနက်(၇)နာရီခွဲတွင်ဆက်လက်ကျင်းပရာမဟာမိတ် အဖွဲ့အစည်းများကိုယ်စားကချင်လွတ်မြောက်ရေးတပ်မတော် ဗိုလ်လောင်းသင်တန်းကျောင်း၊ကျောင်းအုပ်ကြီးဒုတိယဗိုလ်မှူးကြီးလဘန်ဂရောင်ကဂုဏ်ယူဝမ်းမြောက်စကားပြောကြားသည်။
ဆက်လက်၍ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် “မိမိတို့ရက္ခိုင့်တပ်မတော်၏ အောင်မြင်မှု အသီးအပွင့်များသည် မဟာမိတ် အဖွဲ့အစည်းများ၏ ကျေးဇူးတရား နှင့် လည်းမကင်းပါကြောင်း၊ တော်လှန်ရေးခရီးကြမ်းတွင် ပါဝင်လျှောက် လှမ်းလာကြသော ရဲဘော်ရဲဘက်များနှင့် တစ်ဘက်တစ်လမ်းက ကူညီပံ့ပိုးသူများကြောင့်လည်း ဤခရီးကိုရောက်လာ နိုင်ခြင်းအတွက် ဂုဏ်ယူမိပါကြောင်း” ထည့်သွင်းပြောကြားသွားကြောင်း သိရှိရသည်။
၎င်းနောက် စစ်မှုထမ်းသက်တမ်းလေးနှစ်ပြည့် စစ်သည်စစ်မယ်များနှင့် လက်ရုံးရည်၊ နှလုံးရည် ထူးချွန်ဆု ရရှိသူများစာရင်းကိုဖတ်ကြားသည်။ အစီအစဉ် အရ လက်ဆောင်ပစ္စည်းများကို မဟာမိတ်၊ မိတ်ဆွေ ရဲဘော်ရဲဘက်များမှအပြန်အလှန်ပေးအပ်လက်ခံကြပြီးအခမ်းအနားကိုနံနက် (၉)နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော ဧည့်သည်တော်များ အားနေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်းသတင်းရရှိသည်။
ဤနှစ်တွင်ကျရောက်သော (၅)နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့အခမ်းအနား ကို စည်ကား သိုက်မြိုက်စွာ အကျယ်တဝင့် ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အခြေအနေအရ အကျဉ်းချုံ့ကာ ကျင်းပခဲ့ရကြောင်း။ စစ်ရုံးချုပ်မှအရာရှိတစ်ဦးကပြောကြားသွားသည်။ လက်ရှိအချိန်တွင် ရက္ခိုင့် တပ်မတော်သည် ရက္ခိုင်တစ်မျိုးသားလုံးပိုင်ဆိုင်သောအင်အား အကောင်းဆုံးနှင့် အမိန့်နာခံမှု ကောင်းသော တပ်မတော်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment